ကော့သောင်း၊  ၂၇  မေ 

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့်အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကာယကံရှင်များထံပေးအပ်ပွဲကို မေလ ၂၇ ရက် နံနက်(၁၁)နာရီက ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်(၄) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကာယကံရှင်များ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ခံရရှိသူပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပေးအပ်ပွဲကို ရုတ်သိမ်းလိုက်သည်။

ကော့သောင်းမြို့နယ်အတွင်း  အသက်(၁၈)နှစ်ပြည့် ဆောင်ရွက်ပေးရန်လူဦးရေ (၁၅၇၆၆) ဦးရှိကြောင်း၊ ယခုပေးအပ်ပွဲတွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၈၀)နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၅)စောင်ကိုပေးအပ်ခြင်းဖြစ်ကြောင်း၊  အိမ်ထောင်စုစာရင်း မရှိသေးသည့် အိမ်ထောင်စုများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြားပြည်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ (၃)ရက်နေ့အထိ (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြတ်ဇော်မင်း ထံမှသိရသည်။

ကျော်စိုး (ကော့သောင်း)

mdn