တနင်္သာရီ၊ ၂၇ မေ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ တကူ(စံပြ)တိုက်နယ်ဆေးရုံ၌ မေ ၂၅ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၇)နှစ်အရွယ် အမျိုးသမီးနှင့်ထိစပ်ပြီး အနံ့ပျောက်နေသူ အမျိုးသမီး (၁၄)ဦးအား မေ ၂၆ ရက်တွင် တကူ(စံပြ)တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်ကြီး ဦးဆောင်ကြီးကြပ်၍ Covid-19 Antigen Rapid Test (RDT) ဖြင့် သီးသန့်ဆောင်အတွင်း စစ်ဆေးပေးရာ အမျိုးသမီး (၇)ဦးမှာ Covid-19 ရောဂါပိုး အတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။

ရောဂါပိုးအတည်ပြုတွေ့ရှိသူ လူနာအမျိုးသမီး (၈)ဦးနှင့် အနံ့ပျောက်နေသူ အမျိုးသမီး (၇)ဦး စုစုပေါင်း (၁၅)ဦးတို့အား တကူ(စံပြ) တိုက်နယ်ဆေးရုံဝင်းအတွင်းရှိ ဇီဝိတသံဃာ့ဆေးရုံအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ (Community Based Facility Quarantline) အသွားအလာကန့်သတ်၍ နေ့စဉ် ကိုယ်အပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်းတို့ဖြင့် (၁၄)ရက်ကြာ ကျန်းမာရေး စောင့်ကြပ်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းတို့အားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဒေါက်တာဖြိုးမြင့်ကြည်ထံမှ သိရှိရသည်။

အဆိုပါ အနံ့ပျောက်သူ (၁၄)ဦးသည် တကူ(စံပြ) တိုက်နယ်ဆေးရုံ သီးသန့်အဆောင်တွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိသူ အမျိုးသမီးနှင့်အတူ ဧပြီ ၃၀ ရက်မှ မေ ၁၉ ရက်အထိ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအုပ်စု သာရဘွင်အရှေ့ရွာရှိ နေအိမ်တစ်ခု၌ တယောထိုး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသူ (၃၅)ဦးထဲတွင် ပါဝင်သူများဖြစ်၍ အင်းရှည်ကုန်းရွာနှင့် သာရဘွင်အရှေ့ရွာနေ ဒေသခံ ကရင်တိုင်းရင်းသူများ ဖြစ်ကြသည်။

ကျန်ရှိသည့် သင်တန်းသူ(၂၁)ဦးကိုလည်း သာရဘွင်အရှေ့ရွာရှိ မိမိတို့နေအိမ်မှ အပြင်သို့မထွက်ခွာရန် (Home Quarantline) ထားရှိပြီး (၁၄)ရက်ကြာ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုထားရှိကြောင်း၊ အားလုံး ကျန်းမာရေးကောင်းမွန်ကြကြောင်း၊ ရောဂါပိုးတွေ့လူနာနှင့် ထိစပ်ဆက်နွယ်မှု ရှိသူများကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ဒေါက်တာဖြိုးမြင့်ကြည်ထံမှ ထပ်မံသိရှိရသည်။

သတင်- နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)