နေပြည်တော် ၊ ၂၇ မေ
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဒက္ခိဏသီရိမြို့နယ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဒက္ခိဏခရိုင်ပညာရေးမှူးရုံး ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်သီတာမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထက်အောင်ဖြိုးတို့က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ အသီးသီး အမှာစကားပြောကြားကြသည်။
ထို့နောက် ဒက္ခိဏခရိုင်ပညာရေးမှူးရုံး ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်သီတာမြင့်က အခြေခံပညာ အထက်တန်းကျောင်းများ ကိုယ်စား ကျောင်းအုပ်ဆရာမကြီး ဆရာမကြီး ဒေါ်ခင်မျိုးသစ် ထံသို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထက်အောင်ဖြိုး က အခြေခံပညာ အလယ်တန်းကျောင်းများကိုယ်စား ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းရီထံသို့လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဘုန်းသန့်ကျော် က အခြေခံပညာမူလတန်းကျောင်းများ ကိုယ်စား ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်ထံသို့လည်းကောင်း အခမဲ့ ဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။
ဒက္ခိဏသီရိမြို့နယ်အတွင်း၌ အခြေခံပညာ အထက်တန်းကျောင်း (၃) ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) (၂) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) (၄) ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (၄) ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (၉) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း စုစုပေါင်း (၂၇) ကျောင်းတို့တွင် ကိုဗစ် -၁၉ စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ဇွန် (၁) ရက်မှစတင်၍ ပုံမှန်စာသင်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားပေးသွားမည်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်ဆက်)


