ဘားအံ ၂၇ မေ

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ (၉/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၆ ရက် နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ဝန်ထမ်းများနှင့် ပတ်သက်ပြီး ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခြင်းခံရသည့် ဝန်ထမ်းများကို ကိုယ်တိုင်ဝန်ခံချက်၊ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၏ ထောက်ခံချက်၊ သက်ဆိုင်ဌာန အကြီးအမှူးများ၏ ထောက်ခံချက်များဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးရုံးကို တင်ပြနိုင်ရန် ဖြန့်ဝေပေးထားသည့် ပုံစံအတိုင်း ဖြည့်သွင်းဆောင်ရွက် ပေးစေလိုကြောင်း၊ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်း မရှိသည့် ဝန်ထမ်းများအနေဖြင့် အချိန်မရွေး တာဝန်ပြန်လည်ထမ်းဆောင်နိုင်ပြီး ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ သက်ဆိုင်ရာ ဌာနအကြီးအမှူးများက စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြစ်ဒဏ်ချမှတ်ပေးရမည်ဖြစ်ကြောင်း၊ ထိုဝန်ထမ်းများကို ပြန်လည်တာဝန်ထမ်းဆောင်စေလိုကြောင်း၊ လုံခြုံရေးအရ ဌာနဆိုင်ရာရုံးများတွင် CCTV ကင်မရာများ တပ်ဆင်ထားရှိရန်လိုကြောင်း၊ အိမ်ရာစီမံကိန်းများကို ပြန်လည်စိစစ်ပေးရန်၊ သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် လမ်းညွှန်ဆိုင်းဘုတ်များ ပြင်ဆင်ဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာရှိ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ရန်၊ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် စိတ်အပန်းဖြေနိုင်ရန်အတွက် လမ်းလျှောက်နိုင်သည့်နေရာများ ဖန်တီးပေးရန်၊ လျှပ်စစ်မီးတိုင်များနှင့် ထရန်စဖော်များ စနစ်တကျ ဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်သွားရန် လမ်းညွှန်အမှာစကားပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ထပ်ဆင့်ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)