ဆင်ပေါင်ဝဲ၊  ၂၈  မေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ကိုကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့မှုကြောင့် ၂၀၂၀-ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်၍ စာအုပ်စာပေ ငှားရမ်းမှုများကို ခေတ္တရပ်နားခဲ့ရပြီး ဧပြီ ၂၉ ရက်မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ငှားရမ်းပေးလျက်ရှိသည်။

ဆင်ပေါင်ဝဲမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် အထွေထွေပညာရပ်၊  ဒဿနိကဗေဒနှင့် စိတ်ပညာ၊ ဘာသာအယူဝါဒ၊ လူမှုရေးသိပ္ပံပညာရပ်၊ ဘာသာစကား ရိုးရိုးသိပ္ပံ၊ အသုံးချပညာ၊ အနုပညာ၊ စာပေ၊ ပထဝီ နှင့် သမိုင်းပညာရပ်များ အပြင်ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ရုပ်ပြ စသည်ဖြင့် သုတ/ရသစာအုပ်မျိုးစုံ စုဆောင်းထားရှိပြီး အသင်းဝင်စနစ်ဖြင့် အခမဲ့ ငှားရမ်းပေးလျက်ရှိသည်။ ၎င်းအပြင် ရည်ညွှန်းစာအုပ်မျာ နိုင်ငံတော်ပြန်တမ်းများ၊ နေ့စဉ်ထုတ်သတင်းစာများကိုလည်း ပြည်သူများအလွယ်တကူ ဖတ်ရှုနိုင်ရေး စင်တင်ပေးထားလျက်ရှိသည်။

ထိုသို့စာများဌားရမ်းဖတ်ရှုကြခြင်းအပြင် စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်း၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Online   Page မှတစ်ဆင့် ပုံပြင်၊ ကဗျာ တင်ဆက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း နှင့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)

ဓာတ်ပုံ-ခန့်ဝင်း

mdn