မတ္တရာ ၂၈ မေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ချောင်းတချောင်းမြောင်းအတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၅) ရပ်ကွက်ရှိ ရွှေတချောင်း မြောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါချောင်းအတွင်းသို့ ရေနံ့သာငါးလုပ်ငန်းစခန်းမှ ထုတ်လုပ်သော ရွှေဝါငါးကြင်း ငါးမျိုးကောင်ရေ (၁) သိန်းအား ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးခင်မောင်ထွန်း၊ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်း၊ ဗိုလ်မှူးစန်းယုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မတ္တရာမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ရေနံ့သာငါးလုပ်ငန်းစခန်းမှ ဝန်ထမ်းများ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ စုပေါင်းစိုက်ထည့်ခဲ့ကြသည်။
မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ တိုးပွားလာရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေး၊ ငါးမျိုးများ မပြုန်းတီးစေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများ ပိုမိုစားသုံးနိုင်ရေးအတွက် ငါးမျိုးများအား သဘာဝမြစ်ချောင်းများနှင့် ဆည်တမံများအတွင်းသို့ နှစ်စဉ်စိုက်ထည့်ပေးလျှက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)



