ကန့်ဘလူ၊ ၂၈ မေ
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာပြီး မိသားစု လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငါတို့ကျေးရွာတွင် ပလတ်စတစ်ခြင်း ရက်လုပ်နည်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို မေ ၁၈ ရက်က စတင်ဖွင့်လှစ်၍ နှစ်ပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး ငါတို့ကျေးရွာမှ သင်တန်းသား ၁၅ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။ သင်တန်းတွင် ၁၅ ပတ်ခြင်း၊ ၁၇ ပတ်ခြင်း၊ ၁၉ ပတ်ခြင်း၊ ၂၂ ပတ်ခြင်း၊ ဥပုသ်ခြင်း၊ သုံးဆင့်ခြင်းနှင့် အလှခြင်းရက်လုပ်နည်းများ သင်ကြားပေးလျက်ရှိသည်။ ထို့ပြင် ပလတ်စတစ်ခြင်း ရက်လုပ်နည်း သင်တန်းကို မေလဆန်းက ကန့်ဘလူမြို့နယ် ရှမ်းတပ်ကျေးရွာတွင် ပထမအကြိမ်အဖြစ် သင်ကြားပေးပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးဟန်ထွန်းအောင်ထံမှ သိရသည်။
ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပလပ်စတစ်ခြင်းရက်လုပ်နည်းသင်တန်း နှစ်ကြိမ်ကို မေလတွင်လည်းကောင်း၊ ဇွန်လတွင် ဝါးခမောက်ရက်လုပ်နည်းသင်တန်း၊ ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းများ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)


