ညောင်ဦး၊ ၂၈ မေ      

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု၊ နဖူးပြားတဲတိုက်တွင် ဒေသခံကျေးလက်နေ ပြည်သူများ နှစ်စဉ် သောက်သုံးရေအခက်အခဲကြုံတွေ့နေရကြောင်း သိရ၍ ရန်ကုန်မြို့မှ အလှူရှင် ဒေါက်တာထွန်းလွင်ဦး - ဒေါ်မြင့်မြင့်သန်း မိသားစုက သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တစ်လုံး ဆောက်လုပ်လှူဒါန်းလျက်ရှိကြောင်း အဆိုပါ နဖူးပြားတဲတိုက်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။

ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု၊ နဖူးပြားတဲတိုက်သည် အိမ်ခြေ  ၃၆ အိမ်၊ လူဦးရေ ၁၀၀ ကျော်ခန့် နေထိုင်လျက်ရှိပြီး ဒေသခံကျေးလက်နေပြည်သူများမှာ စက်ရေတွင်းနှင့် မိုးရေလှောင်ကန်မရှိသည့်အတွက် နှစ်စဉ် သောက်သုံးရေ အခက်ကြုံတွေ့နေရလေ့ရှိပြီး သောက်သုံးရေအတွက် စက်ရေတွင်းရှိသည့်ကျေးရွာများသို့ သွားရောက် ဝယ်ယူသုံးစွဲနေရကြောင်း သိရသဖြင့် အလှူရှင် ရန်ကုန်မြို့မှ ဒေါက်တာထွန်းလွင်ဦး - ဒေါ်မြင့်မြင့်သန်း မိသားစုက နဖူးပြားတဲတိုက်ရှိ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစေရေးအတွက် ငွေကျပ် ၁၉ သိန်း အကုန်အကျခံ၍ ရေဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်အား ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုတ်ရေကန် ဆောက်လုပ်လှူဒါန်းခြင်းကို အလှူရှင်မိသားစုကိုယ်စား ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာနေ ဦးဝင်းမင်းထွန်း ဦးဆောင်သော ပရဟိတရေလှူအဖွဲ့က ဦးဆောင်ကာ ယခုလ ၂၁ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ပြီး ယခုအခါ အုတ်ရေကန်တည်ဆောက်ခြင်းနှင့် ရေရှည်တည်တံ့စေရေးအတွက် ရေကန်အမိုး မိုးခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း ယင်း အုတ်ရေကန်တည်ဆောက်ရာတွင် ဦးဆောင်ပါဝင်ဆောင်ရွက်သူ ဦးဝင်းမင်းထွန်း ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)