ကျောက်ဆည်၊ ၂၈ မေ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကျေးရွာချင်းဆက်လမ်းများအား အဆင့်မြှင်တင်ပေးခြင်း နှင့် ကျဉ်းမြောင်းနေသည့်လမ်းပိုင်းနေရာများအား တိုးချဲ့ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ထန်းဇင်တော်-အရှေ့ငယ်တိုးကျေးရွာချင်းဆက်လမ်းအား ဂျင်းကျောက်လမ်းအဖြစ်အဆင့်မြှင့်တင်ပေးပြီး ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာများအား တိုးချဲ့ခြင်းများဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလမ်းအား နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၄၀)၊ ယာဉ်စက်ယန္တယားများ အကူအညီများနှင့် ပြည်သူလူထုထည့်ဝင်ငွေ၊ လုပ်အားများ ပူးပေါင်းကာ အရှည်(၂)မိုင်၊ အကျယ်ပေ(၂၀)၊ ထု(၁၂) လက်မ ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပြီး လမ်းအရည်အသွေး ကောင်းမွန်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မာရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် ထန်းဇင်တော်-အရှေ့ငယ်တိုးကျေးရွာချင်းဆက်လမ်းသည် ဓာတ်တော်၊ ရဲဘော်ကြီး၊ ရဲဘော်လေး၊ ရွှေဒါး၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်ကျေးရွာများနှင့် ကျောက်ဆည်မြို့ သို့ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး အဆိုပါလမ်း ပြီးစီးသွားပါက လမ်းဘေးဝဲ၊ယာကျေးရွာများမှ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


