ကျောက်ဆည်၊ ၃၀ မေ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကျေးရွာချင်းဆက် လမ်းများအား ပြုပြင်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် မြစ်ဧရာဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူပြီး ကျေးရွာပေါင်း (၂၀) အကျိုးပြုမည့် ကျောက်ဆည် - ကျောက်ဆောက်ကုန်း - မြစ်သားမြို့နယ်တို့ ဆက်သွယ်ထားသော လမ်းပိုင်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလမ်းအား နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ် ၂၁၄ သန်းဖြင့် အရှည် (၁) မိုင် (၆) ဖာလုံ၊ အကျယ် (၁၂) ပေ၊ ထု (၁၅) လက်မ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပြီး လမ်းအရည်အသွေး ကောင်းမွန်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မာရေးအတွက် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြစ်ဧရာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
ကျောက်ဆည်မြို့နယ်တွင် ကျောက်ဆည် - ကျောက်ဆောက်ကုန်း - မြစ်သားမြို့နယ် ကျေးရွာချင်းဆက် လမ်းသည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးနှင့် တိုက်ရိုက်ဆက်သွယ်ထားသော လမ်းဖြစ်ပြီး လမ်းဖောက်လုပ် ပြီးစီးသွားပါက ကျေးရွာပေါင်း (၂၀)၊ အိမ်ခြေ (၃၃၃၅)အိမ်၊ လူဦးရေ (၁၅၆၅၀) ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


