သံဖြူဇရပ်၊ ၃၀ မေ

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၂၉ ရက် နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်မိုးလွင်က အမှာစကား ပြောကြားရာတွင် မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် တစ်နိုင်ငံလုံး ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့် ကျောင်းများဖွင့်လှစ်နိုင်ရေး၊ ကိုဗစ်-၁၉ အစီအမံနှင့်အညီ ဆောင်ရွက်ထားရှိရေး၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကျောင်းအပ်နှံရေး၊ ယခုနှစ် ကျောင်းအပ်နှံရေးဆောင်ပုဒ် “ကျောင်းနေရွယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” နှင့်အညီ ဆောင်ရွက်ကြစေရေး ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ပညာရေးမှူး (ပူးတွဲ) ဦးမြင့်ဦးမှ ​မြို့နယ်အတွင်း ကျောင်းအပ်နှံမှု အခြေအနေများကို ရှင်းလင်း​ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူသည်။

 

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းဆောက်လုပ်ရန်နှင့် ပရိဘောဂ ပစ္စည်းများအတွက် လှူဒါန်းငွေ ကျပ် ၁၂၄၁၄၀၀၀ ကို အလှူရှင်များက ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

သံဖြူဇရပ်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၃၀) ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း (၂) ကျောင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၄ ရက်မှ ၂၈ ရက်ထိ အခြေခံပညာ ကျောင်းများရှိ အထက်တန်းအဆင့်၌ ၂၀ ဒသမ ၀၄ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်၌ ၂၅ ဒသမ ၅၂ ရာခိုင်နှုန်းနှင့် မူလတန်းအဆင့်၌ ၃၅ ဒသမ ၆၇ ရာခိုင်နှုန်းကို ကျောင်းအပ်နှံထားပြီးဖြစ်ရာ ဇွန်  ၁ ရက်တွင် မြို့နယ်အတွင်း အခြေခံပညာ ကျောင်းများအားလုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရန် ကျန်ရှိနေသည့် ကျောင်းသားကျောင်းသူများကို ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး(ပူးတွဲ) ဦးမြင့်ဦးထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

mdn