ကြို့ပင်ကောက်၊ ၃၁ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ကြို့ပင်စခန်းကျေးရွာအုပ်စု ကြို့ပင်စခန်းအရှေ့စုကျေးရွာတွင် မေ ၃၀ ရက်မှစတင်၍ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးစတင်သုံးစွဲခွင့် ရရှိခဲ့သောကြောင့် မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
လျှပ်စစ်မီးသုံးစွဲခွင့် ရရှိခဲ့ရခြင်းမှာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ရန်ပုံငွေမှ ငွေကျပ်သိန်း ၁၀၀ နှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် သိန်း ၆၀ တို့ပူးပေါင်းကာ ကျေးရွာတွင်း ၄၀၀ ဗို့လိုင်း ၃၁၆၅ ပေနှင့် ကွန်ကရစ်လမ်းမီးတိုင် ၃၃ တိုင်တို့ ဝယ်ယူဖြည့်တင်း၍ မတ် ၁၅ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သောကြောင့် မေ ၃၀ ရက်တွင် လျှပ်စစ်မီးစတင် သုံးစွဲခွင့်ရရှိခဲ့ကြောင်း ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းထံမှ သိရသည်။
အဆိုပါ ကြို့ပင်စခန်းကျေးရွာအုပ်စုမှ ကျေးရွာ (၉)ရွာမြောက် မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကျော်ကိုကို၊ ဗိုလ်ကြီးစိုးသူ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေး၊ အလယ်ကုန်းနယ်မြေစခန်းမှူး ရဲအုပ် မင်းဇော်ဦးနှင့် ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


