မိတ္ထီလာ၊ မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခြေခံဝန်ထမ်း ၂၄၀ အား စားဝတ်နေရေး အဆင်ပြေစေရန် မေ ၃၁ ရက် နံနက် ၁၁ နာရီက အဆိုပါရုံးတွင် အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခြေခံဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေးအတွက် အထောက်အကူပြုစေရန် အခြေခံစားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပြီး လစဉ်ထောက်ပံ့လှူဒါန်းရှိကြောင်း ခေတ္တအမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်ထံမှ သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ စျေးနှင့် သားသတ်ဌာနစိတ်၊ သန့်ရှင်းရေးဌာနစိတ်၊ ရေပေးရေးဌာနစိတ်၊ ပန်းခြံဌာနစိတ်၊ အခွန်ဌာနစိတ်၊ စည်ကမ်းထိန်းဌာနစိတ်များမှ အခြေခံဝန်ထမ်း (၂၄၀)ဦးအား အာလူး၊ ငါးပိ၊ ကြာဆံ၊ ကြက်ဥ စသည့် အခြေခံစားကုန်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခေတ္တအမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


