မအူပင်   မေ   ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးရာသီ မျိုးစပါးစိုက် တောင်သူများအား နည်းပညာပေးဆွေးနွေးပွဲကို ငါးကြီးဂရက်ကျေးရွာ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။


ဆွေးနွေးပွဲတွင် မအူပင်ခရိုင်စိုက်ပျိုးရေးမန်နေဂျာ ဦးစိုးမိုးအောင်က မိုးစပါးစိုက်တောင်သူများ အနေဖြင့် မျိုးကောင်းမျိုးသန့် စပါးစိုက်ပျိုးနိုင်ရန်နှင့် နည်းပညာလိုအပ်ချက်များအား စိုက်ပျိုးရေး ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးပြောကြားပြီး မအူပင်မြို့နယ် မန်နေဂျာ ဦးသာအေးက မြို့နယ်အတွင်း မိုးစပါးစိုက်လျာထားချက်နှင့် မျိုးစပါးစိုက်ဧကလျာထားချက်များ၊ မျိုးကောင်း မျိုးသန့်စိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုများကို ပြောကြားသည်။


ဆက်လက်၍ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ငြိမ်းငြိမ်းတို့က မျိုးသန့်မျိုးစေ့များ  စိုက်ပျိုးထုတ်လုပ် နိုင်ရန် အတွက် ဆင်းသုခ(Rs)မျိုးစပါးအား စိုက်ပျိုးထုတ်လုပ်ရန်နှင့် ၎င်းမျိုးသက်တမ်းမှာ (၁၃၅)ရက်ဖြစ်ပြီး တစ်ဧကလျှင် အထွက်နှုန်း ၆၀ မှ ၇၅ အထိ ထွက်ရှိနိုင်ပြီး မျိုးစပါးပြန်လည်ရောင်းချရာတွင် တင်း ၁၀၀ လျှင် ကျပ် ၉ သိန်းမှ ၁၀ သိန်းအထိ စျေးကွက်ဝင်သဖြင့် တောင်သူများအနေ
ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများနှင့်အညီ ဆောင်ရွက်ကြရန် နည်းပညာလိုအပ်ချက်ရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် နည်းပညာဆွေးနွေးပွဲသို့ တက်ရောက်လာသော တောင်သူများက သိလိုသည်များကို မေးမြန်းရာ မြို့နယ်မန်နေဂျာ၊ ခရိုင်/ မြို့နယ် မျိုးစေ့တာဝန်ခံနှင့်တာဝန်ရှိသူတို့မှ ပြန်လည်ဖြေကြား ပေးခဲ့ကြောင်းမြို့နယ်စိုက်ပျိုးရေးတာဝန်ခံထံမှ သိရသည်။

အောင်ခိုင်(ပြန်/ဆက်)