ငါးသိုင်းချောင်း၊ ၁ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ မြို့ပေါ်ရပ်ကွက်(၆)ခုရှိ အ.ထ.က ကျောင်း (၁)ကျောင်း၊ အ.လ.က(ခွဲ) (၂)ကျောင်းနှင့် မူလတန်းကျောင်း (၉)ကျောင်း အခြေခံပညာကျောင်း စုစုပေါင်း(၁၂)ကျောင်းတွင် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်အတွက် ဇွန် ၁ ရက်တွင် ကျောင်းများစတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ အ.ထ.က ငါးသိုင်းချောင်းကျောင်း၌ မေ ၃၁ ရက်အထိ ‌ကျောင်းအပ်နှံမှုရာခိုင်နှုန်း (၂၁%)ရှိခဲ့ပြီး ဇွန် ၁ ရက်တွင် အဆိုပါကျောင်း၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအစီအစဉ်အရ သတ္တမတန်း(သင်ရိုးသစ်)/ အဋ္ဌမတန်း(သင်ရိုးဟောင်း)/ ဒသမတန်း(သင်ရိုးဟောင်း)အတန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သက်ဆိုင်ရာအတန်းအလိုက် ကျောင်းအပ်နှံပြီးသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၄၁)ဦး (ရာနှုန်းပြည့်) တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ ဇွန် ၇ ရက်တွင် ဆ‌ဋ္ဌမတန်း(သင်ရိုးသစ်)၊ သတ္တမတန်း(သင်ရိုးဟောင်း)နှင့် ဒသမတန်း(သင်ရိုးသစ်) အတန်းများကို အလှည့်ကျ ဆက်လက်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုံခြုံရေးအစီအစဉ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)