ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ခြောက်ဦးထပ်မံသေဆုံး

ဇွန် ၁

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လွန်ခဲ့သည့် ရက်အတွင်း ခြောက်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ၂၂၀ အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၁၆ ဦး ထပ်မံတွေ့ရှိပြီး ကူးစက်ခံရသူပေါင်း ၃၀၇၁၀ အထိ ရှိလာသည်။ ထိုရောဂါကူးစက်ခံရသူများအနက် ၅၈၅ ဦးသည် ဒေသတွင်းကူးစက်မှုဖြစ်ပြီး ၃၁ ဦးသည် ပြည်ပမှပြန်ရောက်လာသူများ ဖြစ်သည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၂၃၃၈၉ ဦး ရှိသည်။

ရောဂါကူးစက်မှုများလျော့နည်းစေရန်အတွက် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၊ အားကစားရုံများ၊ ပြတိုက်များ၊ ရုံရှင်ရုံများနှင့် ဖျော်ဖြေပွဲကျင်းပရာနေရာများအားလုံးကို ပိတ်ထားခဲ့သည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီ ၁၀ ရက်ကစတင် လုပ်ဆောင်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ရည်မှန်းထားသည့် လူဦးရေ ၁၀ သန်းအနက် ၂ ဒသမ ၆ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို