စစ်တွေ၊ ၁ ဇွန်
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက် နံနက်ပိုင်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိရာ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ လှည့်လည်ကြည့်ရှုကြသည်။
ထိုသို့ကြည့်ရှုရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာ အလယ်တန်းကျောင်း၊ ပြည်တော်သာရပ်ကွက်ရှိ အမှတ်(၁၅) အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ဘောလုံးကွင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုပြီး ကလေးများအတွက် ကစားကွင်းများပြုလုပ်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့ကို လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


