ဧရာဝတီ ၁ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဩသဓာဘိဝံသ၏ သက်တော် (၉၉)နှစ်ပြည့် အထိမ်းအမှတ်အလှူတော်နှင့် ပူဇော်ပွဲအခမ်းအနားကို ယင်းကျောင်းတိုက်တွင် မေ ၁၅ ရက် နံနက် ၉ နာရီက COVID-19 စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ သာသနဓဇ ဓမ္မစရိယ တိုက်သစ် ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များ နာယူကြသည်။
ဆက်လက်၍ ဆရာတော်ကြီး၏ တပည့် ဒါယကာမ ဒေါ်စုစုလှိုင်က ဆရာတော်ကြီး၏ ထေရုပတ္တိကို ဖတ်ကြားပြီး၊ ရဝေထွန်း ရေးဖွဲ့ပူဇော်သော တေးထပ်ကို ဒေါ်ခင်နွဲ့အောင်က သီဆိုပူဇော်၍ ဘုရား၊ တရား၊ သံဃာတော်များနှင့် ဆရာတော်ကြီးအား ပူဇော်ကန်တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော်ကြီးက ဩဝါဒကထာမြွက်ကြားကာ တောင်ညို ကျောင်းတိုက် ဆရာတော်က အနုမောဒနာကထာနှင့် ရေစက်ချတရားချီးမြှင့်ကာ ရေစက်သွန်းလောင်း အမျှအတန်းပေးဝေကြသည်။
ဆရာတော်ကြီး၏ သက်တော် (၉၉)နှစ်ပြည့် ပူဇော်ပွဲအတွက် အလှူရှင် (၆၆)ဦးတို့က ငွေကျပ် ၂၄၉၉၀၀၀၀ လှူဒါန်းခဲ့ရာ ထိုလှူဒါန်းငွေများဖြင့် ညောင်တုန်းမြို့ပေါ် ကျောင်းတိုက်အသီးသီးမှ သံဃာတော်အပါး (၁၀၀) တို့အား တစ်ပါးလျှင် မျက်နှာသုတ်ပုဝါ တစ်ထည်၊ အိတ်တစ်လုံး၊ သင်္ကန်းတစ်စုံ၊ ငွေကျပ် တစ်သိန်းစီ ပြန်လည်လှူဒါန်းခဲ့သည်။
ဆရာတော်ကြီးအား ခမည်းတော် ဦးဘိုချိန်၊ မယ်တော် ဒေါ်မယ်သင်တို့က ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဆန်နီချောင်ကျေးရွာတွင် ၁၂၈၄ ခုနှစ်၊ ကဆုန်လဆန်း (၅)ရက်နေ့တွင် ဖွားမြင်တော်မူခဲ့ပြီး ဆရာတော်ကြီးသည် နိုင်ငံတော်အစိုးရက ဆက်ကပ် လှူဒါန်းခဲ့သော အဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ၁၉၉၀ ပြည့်နှစ်ကလည်းကောင်း၊ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ၂၀၀၄ ခုနှစ်ကလည်းကောင်း၊ အဘိဓဇအဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို ၂၀၀၇ ခုနှစ်ကလည်းကောင်း အလှူခံရရှိတော်မူခဲ့သည်။
ယခုအခါ ဆရာတော်ဘုရားကြီးသည် သက်တော် (၁၀၀)တွင်း ဝင်ရောက်လာပြီး အကြားအာရုံနည်းခြင်း၊ မျက်စိမှုန်ခြင်းတို့မှအပ ကျန်းမာရေးကောင်းမွန်စွာဖြင့် သာသနာ့ဝန်ကို ထမ်းဆောင်လျက်ရှိသည်။
နေလင်း(ညောင်းတုန်း)


