နေပြည်တော် ၁ ဇွန်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မေ(၃၀)ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ခရိုင်အင်ဂျင် နီယာမှူး(မြို့ပြ)ရုံး အစည်းအဝေးခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန (၅)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
ယင်းနောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည်များကို ထပ်မံမှာကြားပြီး တက်ရောက်လာသည့် ဝန်ထမ်းများ၏ တင်ပြချက်များကို ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ရှောင်လမ်း တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ထွန်းက လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လမ်းများသတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေး ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။ ယင်းနောက် အောင်ပန်းမြို့နယ်အတွင်းရှိ သရက်ပု - ကမ္ဘားနီ - ပေါတုတ် လမ်းပိုင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါလမ်း ဖောက်လုပ်ခြင်းအားဖြင့် ကျေးရွာ (၈) ရွာ၊ အိမ်ခြေ (၆၈၅) အိမ်၊ လူဦးရေ (၃၀၁၄)ဦးတို့၏ လူမှုရေး ၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ဒုတိယဝန်ကြီးသည် မေ (၃၁)ရက် နံနက်ပိုင်းတွင် လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၄)မှ ကြီးကြပ်ဆောင်ရွက်ပြီး Robust Goal Construciton Co.,Ltd နှင့် Max Highway Co.,Ltd တို့မှ တာဝန်ယူဆောင်ရွက်နေသော ဟံမြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းလမ်း (၁၈)မိုင် (၅) ဖာလုံ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဟံမြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းလမ်း လမ်းအဆင့်မြင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်၍ ကုန်စည်စီးဆင်းမှုမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


