ရန်ကုန် ၁ ဇွန်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက်ပိုင်းတွင် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမပေါ်ရှိ တာမွေအခွန်လွတ်ဈေးသို့ရောက်ရှိပြီး ဈေးအတွင်း သန့်ရှင်းသာယာလှပရေး၊ ဈေးနှင့်ဈေးပတ်ဝန်းကျင်၌ အမှိုက်များ မရှိစေရေးနှင့် ဈေးအိမ်သာများ သန့်ရှင်းကောင်းမွန်မှုရှိစေရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။
ထို့နောက် မြန်မာ့ဂုဏ်ရောင်လမ်း၊ အမှတ်(၃၁)အခြေခံပညာမူလတန်းကျောင်းရှေ့၊ နတ်ချောင်းရပ်ကွက်ရှိ နတ်ချောင်းသို့ရောက်ရှိပြီး မိုးရွာသွန်းချိန်နှင့် ဒီရေတက်ချိန်တို့၌ ရေထိန်းတံခါးပိတ်၍ ရေအတက်အကျကို ရေဆင်ဆာဖြင့် တိုင်းတာရန်၊ မိုးတွင်းကာလ တွင် ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်၊ ၎င်းချောင်းကိုဖြတ်၍ လူသွားလမ်း ပြုလုပ်ထားရာ လူသွားလမ်းကို ကားလမ်းအဖြစ် ချဲ့ထွင်ဖောက်လုပ်ရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဗဟန်းမြို့နယ်၊ ကန်တော်ကြီးသဘာဝဥယျာဉ်အတွင်းရှိ ဆင်ကန်သို့ ရောက်ရှိပြီး အင်ဂျင်နီယာဌာန(ရေအရင်းအမြစ်နှင့် ရေပေးဝေရေးစီမံခန့်ခွဲမှု)မှ ဆောင်ရွက်လျက်ရှိသော ဆင်ကန်အတွင်း ရေညစ်၊ ရေမှော်များကို Copper Sulphate အရည်ဖြင့် သန့်စင်အောင် စမ်းသပ်ပက်ဖြန်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကန်တော်ကြီးအတွင်းရှိ ကွန်ကရိရေမြောင်း၌ အမှိုက်သရိုက်များကို ရှင်းလင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


