တွံတေး၊ ၂ ဇွန်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း၌ စာဖြေဌာနအသီးသီးတွင် ဇွန်လ(၁)ရက်မှ စတင်ကျင်းပလျက်ရှိရာ တွံတေးစာဖြေဌာနတွင် ယနေ့ ဒုတိယနေ့အဖြစ် သာသနာ့ဗိမာန်၊ ရွှေလက်ခုပ်စာသင်တိုက်၊ နိဓြောရုံကျောင်းတိုက်တို့တွင် ကျင်းပလျက်ရှိသည်။
အစိုးရဓမ္မာစရိယစာမေးပွဲကို တွံတေးစာဖြေဌာနတွင် သံဃာတော် အပါး(၂၆၀)၊ သာမဏေ (၁၁) ပါးနှင့် သီလရှင်(၃၆)ပါး ဝင်ရောက် ဖြေဆိုလျက်ရှိကြသည်။
အစိုးရဓမ္မာစရိယစာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲကို ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းဖြစ်သည့် ပါရာဇိက ကဏ္ဍပါဠိအဌကထာ၊ သီလက္ခန္ဓဝဂ္ဂ ပါဠိအဌကထာ၊ ဓမ္မသင်္ဂဏီပါဠိအဌကထာကို ဇွန်လ(၁)ရက်မှ (၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး(၃)ကျမ်းကို ဇွန်လ(၇)ရက်မှ(၉)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
ထို့အတူ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ(၇)ရက်မှ(၁၃)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း စာမေးပွဲများကို နေ့ရက်အလိုက် ဘာသာရပ် စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ ဆက်


