လေးမျက်နှာ၊ ၂ ဇွန်


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန် ၂ ရက် နံနက် ၉ နာရီက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူမှ သင်တန်းသို့တက်ရောက်သင်ကြားကြသော သင်တန်းဆရာနှင့်အတူ သင်တန်းသားများအား ကျေးဇူးတင်ရှိကြောင်း သင်တန်းပြီးဆုံးသည့်တိုင် ဆက်လက်သင်ကြား စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးကျော်သူမှ ယခုသင်တန်းသည် ဒုတိယအကြိမ်မြောက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဖြစ်ပြီး တက်ရောက်လာကြသော သင်တန်းသားများအား သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်း၊ သင်တန်းတွင်ထားရှိသော စည်းမျဉ်းစည်းကမ်းများ၊ သင်တန်းကို အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်ထောက်ကူ ပစ္စည်းများအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းကို ဇွန် ၂ ရက်မှ ၂၂ ရက်အထိ ရက်(၂၀)ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းဆရာ ဦးထက်နိုင်မှ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းသို့ မြို့နယ်အတွင်းမှ စိတ်ပါဝင်စားသူ(၃၀) တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။


လေးမျက်နှာ(ပြန်/ဆက်)