ဖြူး၊ ၃ ဇွန်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အမဲခေါင်ကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုးငွေနှင့် ဆောင်ရွက်ခဲ့သော ကျေးရွာအတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ခေတ္တ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ဇွန် ၃ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား မြစိမ်းရောင်စီမံကိန်းမှ ရရှိလာသော အတိုးငွေ (၂၆၉ ဒသမ ၀၉၂၅)သိန်းမှ ကျပ်သိန်း(၆၀)အား တတိယအကြိမ် ကျေးရွာတွင်း လမ်းအရှည် ၃၃၄ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၈ လက်မကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြီးစီးပြီဖြစ်ကြောင်း ခေတ္တမြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ထိုသို့ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ ကျေးရွာ မြစိမ်းရောင် စီမံကိန်းကော်မတီအဖွဲ့ဝင် တစ်ဦးက အတိုးရငွေများကို ကျေးရွာဖွံ့ဖြိုးရေးအတွက် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းသည် ကျေးရွာအတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအခက်အခဲများ များစွာအဆင်ပြေမှုရှိလာကြောင်းနှင့် ကျေးရွာနေပြည်သူများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ရရှိလာကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

မနွယ်(ဖြူး)