ကျောက်ဆည်၊ ၃ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ အဆင်ပြေစေရေးအတွက် ရေပေးဝေမြောင်းများ၊ ရေပြွန်များပြုပြင်ပေးခြင်းနှင့် မြောင်းဘောင်လမ်းများ၊ ဆည်အဝင်လမ်းများအား ပြုပြင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အိမ်ခြေ(၇၀၀)ကျော် အကျိုးပြုပြီး ရေပေးဝေသည့်ဆည်သို့ အချိန်ရာသီမရွေး သွားလာနိုင်ရန်အတွက် ဇော်ဂျီမြစ်ပေါ်ရှိ နောင်ခမ်းဆည် အဝင်လမ်းအား ဂျင်းကျောက်မြေလမ်းအဖြစ် အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလမ်းအား နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀) အကုန်အကျခံကာ အရှည်(၂၈၀၀)ပေ၊ အကျယ်(၁၄)ပေ၊ ထု(၆)လက်မ ဂျင်းကျောက်မြေလမ်းအဖြစ် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ (၇၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် နောင်ခမ်းဆည် အဝင်လမ်းသည် သံရွာ - နောင်ခမ်း - တောင်တော်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ လမ်းပိုင်းတစ်ခုဖြစ်ကာ ကျောက်ဆည်မြို့နှင့် တိုက်ရိုက်ဆက်သွယ်ထားသော လမ်းဖြစ်ပြီး လမ်းဖောက်လုပ်ပြီးစီးသွားပါက နောင်ခမ်းကျေးရွာမှ အိမ်ခြေ (၄၁၈)အိမ်၊ လူဦးရေ (၂၁၆၇)ဦးနှင့် တောင်တော်ကျေးရွာမှ အိမ်ခြေ (၃၂၆)အိမ်၊ လူဦးရေ (၃၅၁)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


