ပဲခူး၊ ၃ ဇွန်
ပဲခူးမြို့ သီရိဟံသာခန်းမတွင် ဇွန် ၃ ရက် နံနက် ၁၀ နာရီက ပဲခူးမြို့၊ ပြည်သာယာလမ်း၌ ညဈေး ဖွင့်လှစ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) နှင့် စည်ပင်သာယာ ဝန်ထမ်းများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) ဦးတင်ဦး၊ ပဲခူးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ပျံကျဈေးသည်များ တက်ရောက်ကြပြီး အဖွဲ့ဝင် (၂) ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားကာ ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးအောင်ခိုင်က ညဈေး ဖွင့်လှစ်ရောင်းချရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များမေးမြန်းရာ ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးအောင်ခိုင်မှ ပြန်လည်ရှင်းလင်း ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) ဦးတင်ဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါညဈေးအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ပြည်သာယာလမ်းတွင် နေ့စဉ် ညနေ ၄ နာရီမှ ည ၉ နာရီအထိ ဈေးသည် ၁၀၄ ဦး ဖွင့်လှစ်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


