ညောင်ဦး၊ ၃ ဇွန်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် မြောင်ကျေးရွာနှင့် ကန်နီပေါက်ကျေးရွာတို့၌ စက်ရေတွင်း တူးဖော်ခြင်း၊ ရေစက်ရုံနှင့် စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ် ၅၀ ဒသမ ၁ သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်နေမှုကို တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦး၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် တာဝန်ရှိသူများက ဇွန် ၂ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယခုအခါတွင် စက်ရေတွင်း တူးဖော်ခြင်း၊ ရေစက်ရုံနှင့် စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းများမှာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး အဆိုပါလုပ်ငန်းများကို ဇွန်လတွင် အပြီးအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)