ရန်ကုန်၊ ၃ ဇွန်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)၊ ဦးဗိုလ်ဌေးသည် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၊ အမေရိကန်သံရုံးဘေးရှိ အင်လျားကန်ရေပြင်သို့ နံနက် ၇ နာရီခွဲတွင် ရောက်ရှိပြီး အင်လျားကန်ရေပြင်အတွင်းသို့ ရေဆိုးများဝင်ရောက်မှု မရှိစေရေးအတွက် ရေစစ်ကန်တွင် တုတ်ခတ်ခြင်းနှင့် နုန်းများဆယ်ယူရှင်းလင်းခြင်းနှင့် ရေစစ်ကန်အစပ်တွင် မြေယာရှုခင်းပြုပြင်ခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ်နှင့် တာမွေမြို့နယ်အကြား ဗညားဒလလမ်းရှိ မိုးမခ ရေနုတ်မြောင်းသို့ ရောက်ရှိပြီး ရေနုတ်မြောင်းအတွင်းမှ အမှိုက်သရိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှု့စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါ မိုးမခရေနုတ် မြောင်းအတွင်းသို့ ဗဟန်းမြို့နယ် ဗိုလ်ချို အမှတ်(၁)၊ (၂)ရပ်ကွက်မှ ရေဆိုးများစီးဆင်းပြီး ထိုမှတစ်ဆင့် ၁၅၅ လမ်းတွင် မြေအောက်မြောင်းဖြင့် တာမွေမြို့နယ် နတ်ချောင်း ၎င်းမှ ငမိုးရိပ်ချောင်းအတွင်းသို့ စီးဆင်းသွားကြောင်း သိရသည်။

သတင်းစဉ်

mdn