ကော့သောင်း၊ ၃ ဇွန်
ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးသည့် မာ့(စ်)ကမ်ပိန်းလှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝန်ဈေးလမ်းဆုံ၌ ဇွန် ၃ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ မြို့နေပြည်သူများ လမ်းထွက်ပါက နှာခေါင်းစည်းများတပ်ဆင်ကြရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားပြီးဖြစ်ရာ ပြည်သူအများစုနှာခေါင်းစည်း တပ်ဆင်ကြသော်လည်း စည်းကမ်းမလိုက်နာသူ ပြည်သူတစ်ချို့ကြောင့် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရသူ ယခုနှစ် ဇွန် ၂ ရက်အထိအတွင်း (၂၁)ဦးအထိ မြင့်တက်လာခဲ့သည်။
ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး ယခုကဲ့သို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ NGO အဖွဲ့များ၊ ဘော်လံဒီယာအဖွဲ့များ ပူးပေါင်းကာ လမ်းထွက်သွားလာနေသူများကို ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ပါးစပ်နှာခေါင်းစည်း အခု ၃၅၀၀ ကျော် ဝေငှတပ်ဆင်ပေးခြင်း စသည့် ကမ်ပိန်းလုပ်ငန်းကို အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ကျော်စိုး (ကော့သောင်း)


