မယ်စဲ့    ၄  ဇွန်    

 

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၊ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး မထိုးမီ သွေးပေါင်ချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ စာရင်းဖြည့်သွင်းခြင်းများကို ဆောင်ရွက်ပေးပြီး မယ်စဲ့မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ဒုတိယအသုတ် ထိုးနှံပြီးသည့် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးသူများအား နာရီဝက်ခန့် စောင့်ကြည့်ပြီး မူးမော်ခြင်းနှင့် အခြားရောဂါ လက္ခဏာ တစ်စုံတစ်ရာ မဖြစ်ပွားမှသာ ပြန်လည်စေလွှတ်ခဲ့သည်။

 

ယခု ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံရာတွင် လာရောက်ထိုးနှံသည့် အမျိုးသား (၂၀) နှင့် အမျိုးသမီး (၁၈) ဦး စုစုပေါင်း (၃၈) ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)