ကျောက်ဆည်၊ ၄ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ကျေးလက်ဒေသများ ဖွံ့ဖြိုးလာစေရန်နှင့် ပြည်သူများ၏ လူမှု စီးပွား ဘဝ မြင့်မားစေရန် ၊ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှု ကွာဟချက်များ မရှိစေရန်၊ စားနပ်ရိက္ခာ ဖူလုံရေး၊ အစားအစာ ဘေးကင်းမှုရှိစေရေးနှင့် လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန် (၄) ရက် နံနက် (၉) နာရီခွဲက စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးက တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုး ထုတ်လုပ်လိုက်သော သီးနှံများတွင် ဓာတုကင်းလွတ်ပြီး ကျန်းမာရေးနှင့်ညီစေရေး၊ မျိုးကောင်းမျိုးသန့်များ ရရှိစေရေးအတွက် စိုက်ပျိုးရေး နည်းစနစ်ကောင်းများ သိရှိနားလည်ထားနိုင်ရန် သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်သန်းထိုက်၊ ဒေါ်ခင်ဆွေလင်းနှင့် ဒုတိယဦးစီးမှူး ဦးချစ်ကို၊ ဦးမင်းမင်းထွန်းတို့က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အကြောင်း သိကောင်းစရာများ၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုး ထုတ်လုပ်ခြင်း၊ မြေအသုံးချမှုနှင့် ပိုးသတ်ဆေးများ စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများအကြောင်း သင်ကြားပို့ချ ဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ ပေါက်ကုန်း၊ ပနံ၊ ရှမ်းတောင်ဦး၊ မယ်ဇယ်ပင်၊ အုန်းခရိုင်၊ ငါးအိုး၊ ဗလီကွင်း၊ ရွှေဒါး၊ တောင်ဘီလူ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၆၀) တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


