ကျောက်ဖြူ၊ ၄ ဇွန်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်ရှိယပ်လှဲကျောင်း ပရိယတ္တိ စာသင်တိုက်တွင် နိုင်ငံတော်မှကျင်းပသည့် ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲကို ဇွန်လ ၁ ရက်က စတင်ဖြေဆိုလျက်ရှိရာ ယနေ့စတုတ္ထမြောက်နေ့အား အဆိုပါ စာသင်တိုက်တွင် ဆက်လက် ဖြေဆိုလျက်ရှိကြောင်း ခရိုင် သာသနာရေးဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ ဖြေဆိုရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စာဖြေသံဃာတော်များအတွက် လက်ဆေးရန် လက်ဆေးရေကန်များနှင့် လက်သန့်ဆေးရည်များထားရှိပေးခြင်း၊ နှာခေါင်းစည်း MASK များလှူဒါန်းပေးခြင်း အစရှိသည့် ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှလည်း ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်တွင် အဆိုပါစာမေးပွဲအား ပထမနေ့နှင့်ဒုတိယနေ့တွင် ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာကျမ်း (၁)နှင့်(၂) အား ဖြေဆိုရဟန်းသံဃာပေါင်း ၁၀၇ ပါးမှလည်းကောင်း၊ တတိယနေ့နှင့် စတုတ္ထနေ့တွင် သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာကျမ်း (၁)နှင့်(၂)ကို ဖြေဆိုရဟန်းသံဃာပေါင်း ၁၀၃ ပါးတို့က လည်းကောင်း ဝင်ရောက်ဖြေဆိုလျက်ရှိကာ ၎င်းစာမေးပွဲအား ဇွန်လ(၁)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)


