ဝိုင်းမော် ၆ ဇွန်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌‌မော်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ငါးဦးရှိရသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ဝိုင်းမော်မြို့ပေါ် လူစည်ကားသော နေရာများဖြစ်သည့် မြို့မစျေး၊ လက်ဖက်ရည်ဆိုင်များ၊ မြစ်ကြီးနား - ဗန်းမော် ကားလမ်းမကြီးနှင့် လမ်းဆုံမီးပွိုင့်တို့တွင် နှာခေါင်းစည်း (mask) များ အခမဲ့ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဇွန် ၅ ရက် နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဝိုင်းမော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းဦး ဦးဆောင်ပြီး မြို့နယ်စီမံ အုပ်ချုပ်‌ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးအသင်းဥက္ကဋ္ဌ ဒေါ်သီတာမွန် ဦးဆောင်သည့်အဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ကြက်ခြေနီ ၊ မြို့ပေါ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ လပြည့်ဝန်း လူမှုကူညီရေးအသင်းတို့ ပါဝင်သည့် စုပေါင်းအင်အား (၅၀) ခန့်တို့ ပူးပေါင်း၍ ဝိုင်းမော်မြို့မစျေး အတွင်းရှိ စျေးရောင်းသူနှင့် စျေးဝယ်လာသူများ၊ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (mask) များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ရောဂါကူးစက်ပျံ့ပွားမှု မဖြစ်စေရေးအတွက် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

 

ခိုင်သက်မွန်