ဒေးဒရဲ ၆ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ဇွန် ၅ ရက် နံနက် ၁၀ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဒု-လဝက မှူး ဒေါ်သဲစုခိုင် ခေါင်းဆောင်သောအဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့ဝန်းနှင့် ကျေးရွာစခန်းများအတွင်း နေထိုင်ကြသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ အမျိုးသား (၅) ဦး၊ အမျိုးသမီး (၃) ဦး၊ စုစုပေါင်း (၈) ဦးတို့ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။
ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်အရ ဒေးဒရဲမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေ ၃ ရက်က စတင်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မိမိမွေးဖွားရာ ဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိ ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွှေ့ပြောင်းနေသူများ အနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သူ လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


