ညောင်ဦး ၆ ဇွန်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းတောင်သူများ ထန်းဖို ထန်းတက်လုပ်ငန်း ပြီးဆုံးချိန် ထန်းမ ထန်းတက်လုပ်ငန်း စတင်ချိန် ထန်းလျက်တစ်ပိဿာ ၁၄၀၀ ကျပ် ဈေးနှုန်းဖြင့် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ထန်းတောင်သူများထံက သိရသည်။
ထန်းတောင်သူများသည် ထန်းတက်လုပ်ငန်းများအား တန်ခူးလမှစတင်၍ ထန်းလုပ်ငန်း စတင်လုပ်ကိုင်ကြပြီး သီတင်းကျွတ်လတွင် ထန်းရာသီ ပြီးဆုံးကြောင်း၊ ထန်းတောင်သူများ ထန်းတက်ရာတွင် တန်ခူးလမှစတင်၍ ထန်းဖိုပင်များ စတင်ထန်းတက်ကြပြီး ထန်းဖိုရာသီ ထန်းလျက်ချက်လုပ်ငန်း နယုန်လတွင်ပြီးဆုံးကြောင်း၊ ထန်းမထန်းတက်ရာသီဖြစ်သည့် နယုန်လမှစတင်ကာ ထန်းမထန်းတက်လုပ်ငန်း စတင်ပြီး သီတင်းကျွတ်လတွင် ထန်းရာသီလုပ်ငန်း သိမ်းဆည်းကြကြောင်း ညောင်ဦးမြို့နယ်၊ ကူကျေးရွာအုပ်စု၊ တောင်ရှေ့ကျေးရွာ ထန်းတောင်သူ ဦးငြိမ်းဟန်က ပြောသည်။
ညောင်ဦးမြို့နယ် ထန်းတောင်သူများ ထန်းလျက်ရရှိချိန် ထန်းလျက်ရောင်းချရာတွင် ထန်းရာသီ တစ်လျှောက် ဈေးနှုန်း တူညီမှုမရှိဘဲ ပေါ်ဦးပေါ်ဖျား ထန်းလျက်ဈေးနှုန်းမှာ တစ်ပိဿာ ၂၀၀၀ ကျပ် စတင်ရောင်းချခဲ့ရပြီး ထန်းလျက်လှိုင်လှိုင်ပေါ်ချိန် တပို့တွဲလတွင် ထန်းလျက်ဈေးနှုန်း ၁၂၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလေ့ရှိကာ ထန်းမရာသီချိန်တွင် ထန်းလျက်ဈေးနှုန်း ၁၄၀၀ ကျပ်မှ ၁၅၀၀ ကျပ်ထိရှိကြောင်း တောင်ရှေ့ကျေးရွာ ထန်းလျက်ချက် (ကျို) နေသည့် ဒေါ်သန်းသန်းမြင့်က ရှင်းပြသည်။
ထန်းတောင်သူလုပ်ငန်းသည် ကရိကထ အလွန်များပြားကာ အိမ်ရှိလူကုန် ပင်ပန်းကြကြောင်း၊ ထန်းတက်လုပ်ငန်း မစတင်မီ အချိန်ကပင် ထန်းတက်လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်ရသည့် ပစ္စည်းများ ကြိုတင်စုဆောင်း ပြင်ဆင်ထားရကြောင်း၊ ထန်းလျက်ချက်လုပ်ရန် ထန်းလျက်ချက်ဖို ပြုလုပ်ရန် မြေနီ၊ မြေစေးတူးယူကာ ဖိုပြုလုပ်ရကြောင်း၊ ထန်းလျက်ချက်ဖို့ လောင်စာကြိုတင် စုဆောင်းထားရခြင်း၊ ထန်းဆွဲမြူအိုး ကြိုတင်ဝယ်ယူထားရခြင်းနှင့် ယင်းဆွဲ၊ ယင်းထောင်၊ ထန်းလှီးအိမ်၊ ထန်းလှီးဓားများ ထန်းစတင် ပြင်ဆင်နိုင်ရန် ကြိုတင်စုဆောင်းထားရကြောင်း ထန်းတောင်သူများက ရှင်းပြသည်။
ထန်းလျက်တစ်ပိဿာရရှိရန် ထန်းဆွဲမြူအိုး ငါးလုံးအပြည့် ကျိုချက်မှ ထန်းလျက်တစ်ပိဿာရကြောင်း သိရပြီး ထန်းရေထန်းဆွဲမြူအိုး တစ်လုံးလျှင် နှစ်လီတာရှိကြောင်း၊ မနှစ်က ထန်းမရာသီ ထန်းလျက်တစ်ပိဿာ (၁၆၀၀) ကျပ်ရောင်းချရပြီး ယခုနှစ်တွင် (၁၄၀၀) ကျပ်သာ ရောင်းချရခြင်းကြောင့် ထန်းမထန်းရာသီ ထန်းလျက်ဈေးနှုန်း ကျဆင်းနေကြောင်း ထန်းတောင်သူ ဦးအေးဟန်က ပြောသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


