ကော့သောင်း၊ ၆ ဇွန်
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း အလုပ်သမား ၇၄ ဦး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ အလုပ်သမားသံအရာရှိ ဦးထက်ဝေဖြိုး ဦးဆောင်ကာ ဇွန် ၅ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ ပဲ့ချိတ် စက်လှေ (၅) စီးဖြင့် ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများ ဖြစ်ကာ ပြန်လည် ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက COVID-19 ရောဂါ ကူးစက်မှု သံသယရှိသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ စစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံအနှံ့ COVID-19 ရောဂါ ကူးစက်မှု မြင့်တက်နေခြင်းကြောင့် ပြန်လည်ဝင်ရောက်လာသူများကို ကော့သောင်းမြို့ရှိ Community Based Facility Quarantine Center (၂) ခုတွင် အထူးကြပ်မတ်ကာ Facility Quarantine (၁၄) ရက် အသွားအလာ ကန့်သတ်ထားရှိ စောင့်ကြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်း မရှိမှသာ မိမိတို့နေထိုင်ရာ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


