ဓနုဖြူ ၆ ဇွန်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့  ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းဖြင့် ဆောင်ရွက်သည့် တင်းကုတ်စုကျေးရွာနှင့်  လယ်တော်ကျေးရွာတို့တွင် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဇွန် ၅ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ ဧရာဝတီတိုင်းဒေသကြီး‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်နှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ် တင်းကုတ်စုကျေးရွာနှင့်  လယ်တော်ကျေးရွာတို့တွင် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ကျေးရွာစီမံကိန်း ကော်မတီဝင်များက လူထုဗဟိုပြု စီမံကိန်းဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

အဆိုပါ လူထုဗဟိုပြု စီမံကိန်းဖြင့် တင်းကုတ်ကျေးရွာတွင် ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်း  အရှည် ၁၀၃၀ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၆ လက်မ ထုခင်းခြင်းလုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၀၅ ဒသမ ၁၀၆ သိန်းဖြင့် လည်းကောင်း၊ လယ်တော်ကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း  အရှည် ၇၆၀ ပေ၊ အကျယ် ပေ၊ အမြင့် ၆ လက်မ ထုခင်းခြင်းလုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၆၉ ဒသမ ၉၆၂၅ သိန်းဖြင့် လည်းကောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

စိုးမိုးကျော်