နေပြည်တော်၊ ၆ ဇွန်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့မှ မော်တော်ယာဉ်ဖြင့် (၄၅) မိနစ်ခန့်သာကြာမြင့်ပြီး ကျယ်ပြန့်သော (၄) လမ်းသွား လမ်းမကြီးနှင့် လမ်းဘေးဝဲယာရှိ သဘာဝရှုခင်း အလှများ ပေါကြွယ်ဝသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် COVID-19 ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် နောင်ချို ဟိုတယ်အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ဟိုတယ်ဖွင့်လှစ်ထားရှိမှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် လာရောက်တည်းခိုသည့် ခရီးသွား ဧည့်သည်များအား ဝန်ဆောင်မှုပေးသည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ဟိုတယ်အတွင်း COVID-19 ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အိပ်ခန်းဆောင် ထိန်းသိမ်းထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဂုတ်ထိပ်ကျောင်းတိုက်ဆရာတော် သက်တော် (၃၇)နှစ် ဝါတော် (၁၇) ဝါရှိ ဆရာတော် အရှင်ဝါသဝ (မေတ္တာရောင်ခြည်) ထံ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း ခဲ့ပြီးနောက် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိသော နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော်သမိုင်းဝင် ရှေးဟောင်းဂုတ်ထိပ် တံတားအနီးတွင် ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် မူဆယ်ချယ်ရီ ခရီးသွားကုမ္ပဏီမှ ဆောက်လုပ်မည့် ဂုတ်ထိပ်ချယ်ရီမူဆယ် မှန်တံတားနှင့် အပန်းဖြေစခန်း စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ စီမံကိန်းတာဝန်ခံမှ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါစီမံကိန်းသည် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဂုတ်တွင်းကြိုးဝိုင်းကွင်းအမှတ် (၁) အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် တောင်ကြားဖြတ် ဂုတ်ထိပ်တံတား မီးရထားလမ်းမကြီး၏ (၁ ဒသမ ၇၅) ကီလိုမီတာတွင် တည်ရှိ၍ ဧရိယာ (၁၇ ဒသမ ၃၂) ဧက ကျယ်ဝန်းပြီး တံတားစီမံကိန်း တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ရှမ်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ၍ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာကျော်သမိုင်းဝင် ရှေးဟောင်းဂုတ်ထိပ် တံတားပေါ်သို့ တက်ရောက်ကြည့်ရှုခဲ့သည်။ အဆိုပါနှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ ဂုတ်ထိပ်တံတားသည် မန္တလေး-လားရှိုး လမ်း နောင်ချိုဘူတာအလွန် (၇) မိုင်အကွာတွင် တည်ရှိပြီး တံတားအရှည် (၂၂၆၀) ပေ ရှည်လျား၍ တံတားအောက်ခြေရှိ ရေမြောင်းကလေး၏ ရေမျက်နှာပြင်မှ တိုင်းတာလျှင် ပေပေါင်း (၁၁၀၀) မြင့်မားပြီး ကမ္ဘာအံ့ဖွယ် စာရင်းများတွင် ပါဝင်ခြင်းနှင့်အတူ တံတားအပေါ်မှ သဘာဝပတ်ဝန်းကျင် ရှုခင်းအလှအပများကို ကြည့်ရှုခံစားနိုင်သဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်သည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နောင်ချိုမြို့နယ်ရှိ မျက်ချင်းကျေးရွာအုပ်စု၊ ကျောက်တော စံပြကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ကျောက်တော စံပြကျေးရွာအတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေ၊ ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်လာရောက်မှု အခြေအနေ၊ ခရီးသည်များ တည်းခိုနေထိုင်ရန် အဆောင်များ ဆောက်လုပ်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီးနောက် သီရိမင်္ဂလာတောရကျောင်းတိုက်၌ ဖွင့်လှစ်ထားရှိသည့် လူထုအခြေပြုခရီးသွားလုပ်ငန်း အထောက်အကူပြုသင်တန်း ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုပြီး သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
အဆိုပါ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်လျက်ရှိသည့် ဓနုတိုင်းရင်းသားများ နေထိုင်သော ကျောက်တောကျေးရွာတွင် အိမ်ခြေ ၂၃၀ ကျော် လူဦးရေ ၁၂၀၀ ကျော်ခန့်ရှိပြီး ဒေသခံများအနေဖြင့် ဝါးလက်မှုလုပ်ငန်း၊ မီးဖိုလုပ်ငန်း၊ ပန်းပဲလုပ်ငန်းနှင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဖြင့် ဒေသခံများအတွက် အလုပ်ကိုင်အခွင့်အလမ်းများ ရရှိပြီး လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့သို့ ဆက်လက်ထွက်ခွာပြီး ပြင်ဦးလွင်မြို့ December ဥယျာဉ်အတွင်းရှိ ရေတံခွန်ပန်းခြံကစားကွင်းအတွင်း အများပြည်သူများ လာရောက်အပန်းဖြေ လည်ပတ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် Mico Hill Resort သို့ သွားရောက်၍ ကလေးကစားကွင်း၊ တိရစ္ဆာန်ငယ်များ မွေးမြူထားရှိမှုနှင့် Organic စိုက်ခင်းများ စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Mico Hill Resort အပန်းဖြေဥယျာဉ်တွင် ကလေးများကစားနိုင်ခြင်း၊ မိသားစုအပန်းဖြေလည်ပတ်နိုင်ခြင်း၊ အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်ခြင်းနှင့် တိရစ္ဆာန်ငယ်များကြည့်ရှုနိုင်သည့် ဥယျာဉ်ခြံတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့သို့ရောက်ရှိပြီး ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသော မန္တလေးနန်းတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုနှင့်အညီ အများပြည်သူများ လာရောက်လည်ပတ် လေ့လာနိုင်စေရန်ရည်ရွယ်၍ ပြန့်ကျဲနေသော ရှေးဟောင်း အမွေအနှစ်သမိုင်းဝင် အမြှောက်များအား ပြန်လည်စုစည်းပြီး တစ်နေရာထဲတွင် စနစ်တကျ စုစည်းပြသထားသည့် အမြှောက်ပြတိုက်၊ မင်းတုန်းမင်း၏ ရုပ်ကလပ်ထိန်းသိမ်းထားရှိသည့် အုတ်တိုက်၊ ဒင်္ဂါးသွန်းစက်ရုံ၊ လှပခန့်ညားသည့် မြနန်းစံကျော်ရွှေနန်းတော်နှင့် ယဉ်ကျေးမှုပြတိုက်အား သွားရောက်ကြည့်ရှုခဲ့သည်။
အမြှောက်ပြတိုက်သည် အလျား (၉၆) ပေ၊ အနံ (၇၇) ပေ၊ အမြင့် (၅၂) ပေ (၆) လက်မရှိ RC တစ်ထပ် အမြှောက်ပြတိုက်ဖြစ်ပြီး ရှေးဟောင်းအမြှောက် (၃၀)လက်နှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျ ခင်းကျင်းပြသထားရှိသဖြင့် အများပြည်သူများ လာရောက်လေ့လာ လည်ပတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


