ညောင်ဦး၊ ၇ ဇွန် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း ပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက အွန်လိုင်းမှတစ်ဆင့် ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာထံက သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့မှ စတင်ကာ ခေတ္တယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက အွန်လိုင်းမှတစ်ဆင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလျက်ရှိရာ (၁၈၅)ကြိမ်ကျော်ထိ ဆင်စာဘူဖေးကျွးမှုများ ပြားလာပြီး အွန်လိုင်းမှလည်း ကြိုတင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုထံက သိရသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်း (၂၂)ခုထိ ဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေးကျွေးလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးနှင့် ရာသီပေါ်သီနှံများ ကျွေးကြပြီး တစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တစ်နေ့စာ ဆင်ခုနစ်ကောင်အတွက် တစ်သိန်းကျပ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်း Page များမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး ပလင်းကမ်းသာယာဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ဖုန်း- ၀၉-၇၉၃၈၂၀၅၃၂ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။ မြို့အခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့် ဆင်စခန်းများ ကိုဗစ်-၁၉ ကာလ ဆင်စာခက်ခဲလျက်ရှိပြီး တောတောင်၊ ရေမြေ သဘာဝအခြေခံ ဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိ ဆင်များအတွက် အစာရေစာ မခက်ခဲကြောင်း ပလင်းကမ်းသာယာဆင်စခန်းမှ သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာက ရှင်းပြ၍သိရကာ ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှစတင်၍ ပလင်းကမ်းသာယာဆင်စခန်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)