ပွင့်ဖြူ၊ ၇ ဇွန်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး တစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲသီးနှံစိုက်ပျိုးရေးကို အားထားလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး တိုင်ထောင်ပဲသီး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ နှုန်း ရောင်းချနေရသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများထံမှ သိရသည်။ 

တိုင်ထောင်ပဲသီးနှံ စိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီးအချိန်တစ်လကြာပါက ဈေးကွက်ဝင် တိုင်ထောင်ပဲသီးများကို လှိုင်လှိုင်ဆွတ်ခူးရောင်းချရပြီး စိုက်ပျိုးရာတွင်လည်း တစ်ပင်နှင့်တစ်ပင် အနည်းဆုံး တစ်တောင်အကွာထား၍ စိုက်ပျိုးရကြောင်းနှင့် အသီးအပွင့်များ မတင်မီ အတန်းလိုက် တိုင်ထောင်ခြင်းလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိရကြောင်း သိရသည်။

ကျွန်တော်တို့ကျေးရွာက တောင်သူတွေဟာ တိုင်ထောင်ပဲသီးနှံနဲ့ အခြား ဟင်းသီးဟင်းရွက်မျိုးစုံကို အားထား စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဒီနှစ်မှာတော့ တိုင်ထောင်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းက ဈေးကောင်းရရှိလို့ စီးပွားရေးတွက် ခြေကိုက်ပါတယ်။ စိုက်ပျိုးရေလဲ အဆင်ပြေတဲ့အတွက် အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်လ၊ သုံးလ လောက်ကတော့ တိုင်ထောင်ပဲသီးက တစ်ပိဿာကို ငွေကျပ် ၇၀၀ လောက်ပဲ ရောင်းချရပါတယ်။ ခုရက်ပိုင်းမှာတော့ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ အထိ ရောင်းချရလို့ မိသားစုစားဝတ်နေရေးအတွက် ပိုပြီးအဆင်ပြေတာပေါ့ဗျာ၊ တိုင်ထောင်ပဲသီးနှံက စနစ်တကျ ပြုစုစိုက်ပျိုးပါက အပင်ရေ ၇၀၀ လောက် စိုက်ပျိုးထားရင်ကို ပိဿာချိန် ၁၀၀ ကျော်လောက် ထွက်ရှိတာဖြစ်ပါတယ်။ အပင်ရေများများစိုက်လေ အထွက်နှုန်း ပိုများလေဖြစ်ပါတယ် ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ တစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲသီးနှံ စိုက်ပျိုးလုပ်ကိုင်သူ ဦးထွန်းနိုင်က ပြောသည်။ 

ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေ တောင်သူများသည် နေ့စဉ် မိသားစုဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက်၊ စားပင်သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် သီးထပ်သီးညှပ်များအဖြစ် စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရေပေါကြွယ်ဝသည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းမှာ စီးပွားရေးတွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင်(ညောင်ဦး)