တောင်ကြီး၊ ၈ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာခေါင်းဆောင်၏ အခန်းကဏ္ဍကို သိရှိနားလည်ပြီး ကျင့်သုံးတတ်လာစေရန်ရည်ရွယ်၍ ကျေးရွာအဆင့် ခေါင်းဆောင်မှုနည်းပြသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးအစည်း အဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက မိမိတို့ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း၊ လူထုဗဟိုပြုစီမံကိန်း၊ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်း၊ ကျေးရွာသောက်သုံးရေရရှိရေး လုပ်ငန်းများရှိ ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ ခေါင်းဆောင်နိုင်မှု အရည်အသွေးမြင့်မားလာစေရန်နှင့် ကျေးရွာခေါင်းဆောင်၏ အခန်းကဏ္ဍကို သိရှိနားလည်ပြီး ကျင့်သုံးတတ်လာစေရန်ရည်ရွယ်၍ ကျေးရွာအဆင့် ခေါင်းဆောင်မှုနည်းပြသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မင်းထိုက်က သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ကျေးရွာအဆင့် ခေါင်းဆောင်မှုနည်းပြသင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်း (၁၀၂)ဦးအား သင်တန်းနည်းပြ လေးဦးက တစ်ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ


