မြင်းမူ၊ ၈ ဇွန်
၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် ဒေသရေမြေသဘာဝနှင့် ကိုက်ညီသော ပျိုးပင်များကို ပျိုးထောင်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီ(အခမဲ့) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် ဇွန်လနှင့် ဇူလိုင်လ မိုးတွင်းကာလတွင် ပြည်သူများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်အတွက် ပျိုးထောင်ထားရှိသော အပင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မိုးနည်းရပ်ဝန်းဖြစ်သည့်အတွက် တမာ၊ ကုက္ကိုကဲ့သို့သော ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့် အပင်များကိုသာ ပျိုးထောင်ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ယခုနှစ်မိုးရာသီတွင် ဖြန့်ဝေပေးမည့်အပင်များကို အပင်ရှင်သန်မှုအားကောင်းစေရေးနှင့် အပင်သေပျောက်မှု လျော့ကျစေရေးအတွက် ပျိုးပင်၏အမြင့်ကို (၂)ပေနှင့်အထက်မှသာ ဖြန်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့မသစ်တော ပျိုးဥယာဉ်တာဝန်ခံ တောအုပ် ဦးမင်းဇော်ဆန်းထံမှ သိရှိရသည်။
ယခုနှစ်ဖြန့်ဝေပေးရန် ပျိုးထောင်ထားရှိသော အပင်အမျိုးအစားများမှာ တမာ၊ ကုက္ကို၊ ကျွန်း၊ မယ်ဇလီ၊ မန်ကျီး၊ လျှော်ဖြူ၊ မန်ဂျန်ရှား၊ ယူကလစ်၊ ယင်းမာနှင့် ရေတမာများဖြစ်ကြောင်း သိရှိရပြီး ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူများအား (အခမဲ့) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


