ပွင့်ဖြူ၊ ၈ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဒေသခံပြည်သူများ အဆင်ပြေသွားလာနိုင်စေရေးအတွက် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး မြောင်းဘောင်လမ်းနှင့် သမော်အင်းကျေးရွာသို့ ဆက်သွယ်သွားလာသည့်လမ်းအား မြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး မြောင်းဘောင်လမ်းသည် ဒေသခံတောင်သူများ နွေ၊ မိုး၊ ဆောင်း ရာသီမပြတ် သီးနှံစိုက်ပျိုးရေးလုပ်ငန်းအတွက် အဆင်ပြေသွားလာနိုင်စေရေး ပြန်လည်ပြုပြင်ပေးရန် တင်ပြတောင်းခံလာသည့်အတွက် ယခုနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၂၄ ဒသမ သုည သန်းဖြင့် လမ်းအရှည်ပေ ၁ ဒသမ ၆၁ ကီလိုမီတာအား အကျယ်ပေ ၄ ဒသမ ၈ မီတာ မြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇန်နဝါရီလဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ပြီး ဧပြီလဆန်းတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ ယခုအခါ ဒေသခံကျေးလက်နေပြည်သူများအနေဖြင့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဆင်ပြေချောမွေ့စွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိမိလွင်က ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)


