ကော့ကရိတ်၊ ၈ ဇွန်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး အသက်အန္တရာယ်ကင်းဝေစေရန် ရည်ရွယ်၍ စည်းကမ်းမဲ့မောင်းနှင်သော ဆိုင်ကယ်များ၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီအချိန်က အမှတ် (၃)ရပ်ကွက်၊ တောင်ပေါ် ကျောင်းလမ်းဆုံ၌ စစ်ဆေးဖမ်းဆီး၍ အရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်စောဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲစု (၇၁)မှ ဒုတိယရဲမှူး အောင်ကိုဦးနှင့် တပ်ဖွဲ့ဝင်များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးဌာနမှ ဦးမန်းဝီလျှံသိန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးရုံးမှ အငယ်တန်းစာရေး ဦးစိုးပိုင်အေးဦးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ တောင်ပေါ်ကျောင်းလမ်းဆုံနေရာ၌ သွားလာလျက်ရှိသည့် ဆိုင်ကယ်​​မောင်းနှင်းကြသူများ၏ စည်းကမ်းမလိုက်နာမှုများဖြစ်သော ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ မောင်းနှင်ခြင်း၊ ပါဝါအိတ်ဇောတပ်ပြီး မောင်းနှင်ခြင်း၊ ဆိုင်ကယ်တစ်စီးလျှင် သုံးယောက်စီးနင် မောင်းနှင်ခြင်း စသည့် စည်းကမ်းမဲ့ မောင်းနှင်သော ဆိုင်ကယ်များအပြင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ စည်းကမ်းမဲ့ မော်တော်ယာဉ် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော်ဆိုင်ကယ် (၁၉) စီး စုစုပေါင်း (၂၁)စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သော စည်းကမ်းမဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား ယာဉ်ထိန်းရဲစု (၇၁)မှ ဒုတိယရဲမှူး အောင်ကိုဦးက မြို့နယ်တရားရုံးသို့ မော်တော်ယာဉ်ဥပဒေဖြင့် တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)