ဇီးကုန်း၊ ၈ ဇွန်

နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့နံနက်မှစတင်၍ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

 


 

 

အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့များသည် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ)များအတွက် လူမှုရေးပင်စင် (၃၀၀၀၀)ကျပ်ကို ယနေ့နံနက်က ကံညီကိုကျေးရွာ၊ လယ်တွင်းကျေးရွာ၊ သာပေါင်းကျေးရွာများရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

အဆိုပါထောက်ပံ့ငွေ ပေးအပ်ခြင်းအစီအစဉ်ကို လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လများအတွက် တစ်ဦးကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် လူမှုရေးပင်စင် (၃၀၀၀၀)ကျပ်စီကို ထောက်ပံ့ခြင်းဖြစ်ကြောင်းနှင့် ဇီးကုန်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၆၆၉)ဦးအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအလိုက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

 


 

 

တင့်ဆွေ(ပြန်/ဆက်)