ထားဝယ်၊  ၈ ဇွန်

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင်က တွေ့ဆုံပွဲသို့ တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ တွေ့ဆုံပြီးဖြစ်ကြောင်း၊ တွေ့ဆုံမှုတွင်အားနည်းချက်များ၊ လိုအပ်ချက်များကို အဖွဲ့ဝင်များဖြင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးခဲ့ရကြောင်း၊ ထားဝယ်ဒေသ ထားဝယ်မြစ်ရေကြီးစီမံကိန်း ပြုပြင်ပေးရန်၊ ရေချိုရရှိရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မဟာဓာတ်အားလိုင်းရရှိအောင် ကြိုးစားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မဟာဓာတ်အားလိုင်းကိစ္စရပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌထံသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ကြိုးစားပေးကြရန်လိုကြောင်း၊  တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေး၊ လူမူရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြံဉာဏ်များပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များက ကြုံတွေ့ရသောအခက်အခဲများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးခင်မောင်ချိုက ဖြည့်စွက်ဆွေးနွေးပြီး တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)