နေပြည်တော်၊ ၈ ဇွန်

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက စားနပ်ရိက္ခာအာဟာရ ဖူလုံပြည့်ဝရေးသာမကပဲ လယ်ယာကုန်ထုတ်လုပ်မှုဖြင့် လူနေမှုအဆင့်အတန်း မြင့်မားရေးဆောင်ရွက်ရန် ရည်ရွယ်၍ လယ်ယာမြေများကို ကာကွယ်ရန် မူဝါဒများ တိတိကျကျချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူအကျိုးငှာ မြေယာများ အသုံးချရန် လိုအပ်ပါက မြေယာလျော်ကြေး သီးနှံလျော်ကြေးများ ပေးလျော်ရန် ကိစ္စရပ်များအပေါ် သင့်တင့်မျှတမှုရှိစေရေးအတွက် စေ့စေ့စပ်စပ် စိစစ်သုံးသပ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဥပဒေအရ ပေးအပ်သော မြေယာလျော်ကြေးများကို မူလပိုင်ရှင်များ နှောင့်နှေးမှု မရှိပဲခံစားနိုင်စေရေးနှင့် နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသ၏ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ကြန့်ကြာမှုမရှိစေပဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတော်က ချမှတ်ထားသည့် မြေယာဆိုင်ရာ မူဝါဒများနှင့်အညီ တိကျမြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဒုတိယအကြိမ်အဖြစ် ယနေ့ ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး၌ စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုခဲ့ရသည့် စိုက်ပျိုးမြေများအတွက် နစ်နာကြေး၊ လျော်ကြေးပေးချေရန် ကိစ္စရပ်များ၊ လယ်ယာ မြေအခြားနည်းအသုံးပြုခွင့် ဆိုင်ရာကိစ္စရပ်များ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် သက်ဆိုင်သည့် အမှုတွဲများ၊ လယ်ယာမြေဥပဒေပုဒ်မ ၂၈ (က) အရ မူလစိုက်ပျိုးလျက်ရှိသည့် သီးနှံအမျိုးအစားမှ အခြား သီးနှံအမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုး ခွင့်ပြုရန် လျှောက်ထားချက်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ လုပ်ပိုင်ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅၊ ၃၆ တို့အရ လျှောက်ထားလာသည့် အမှုတွဲများနှင့် ပတ်သက်၍လည်းကောင်း၊ နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက ဖြေရှင်းဆောင်ရွက်လျက်ရှိသော လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးစိစစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်