နမ့်စန်(တ)၊ ၁၀ ဇွန်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် မြို့မစည်ပင်သာယာဈေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ဇွန် ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူ များက မြို့မစည်ပင်ဈေးအတွင်း မီးဘေးလုံခြုံရေးဝန်ထမ်းများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ မီးဘေးကြိုတင် ကာကွယ်ရေးစီမံချက်များ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်သွယ်တန်းမှုနှင့် သုံးစွဲမှုအခြေအနေ၊ မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ စနစ်တကျထားရှိသုံးစွဲမှု၊ ရေရရှိရေးနှင့် ရေသိုလှောင်ထားမှုအခြေအနေ၊ ပစ္စည်းများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဈေးပတ်ဝန်းကျင် မီးဘေးအန္တရာယ် အခြေအနေများကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် မြို့မစည်ပင်သာယာ ဈေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်ထွန်းတို့က မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြသရှင်းလင်းခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


