ပဲခူး၊ ၁၀ ဇွန်

 

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၁၀ ရက် နံနက် ၉ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ Online Meeting (Zoom System) ဖြင့် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး အတွင်း ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးအား ပဲခူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ကဝမြို့နယ်နှင့် ဖြူးမြို့နယ်တို့တွင် စုစုပေါင်း လူဦးရေ(၅၈)ဦး တွေ့ရှိခဲ့ပြီဖြစ်ရာ လူတိုင်းလူတိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာရန် လိုအပ်ကြောင်း၊ လူစုလူဝေး ဖြစ်စေနိုင်သည့် ဈေးများ၊ ရုံးများ၊ စာသင်ကျောင်းများအား အထူးသတိထားရန်လိုအပ်ကြောင်း၊ ပြည်သူများ လိုက်နာရမည့်အချက်များ၊ ကျောင်းများတွင် လိုက်နာရမည့်အချက်များ၊ ဈေးများတွင် လိုက်နာရမည့်အချက်များ၊ ရုံးများတွင် လိုက်နာရမည့်အချက်များအား အများမြင်သာနိုင်သည့် နေရာများတွင် ဗီနိုင်းကပ်ထားရန်၊ ၎င်းပြင် မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာပြည်သူလူထုအဆင့်ထိ အသိပညာပေးရန် လိုအပ်ကြောင်း၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါကုသရေးအခန်းများ အဆင်သင့်ပြင်ဆင်ထားရန်၊ Community Based Facility Quarantine များဖွင့်လှစ်မည့် နေရာများအား ကြိုတင်ပြင်ဆင်ထားရန်၊ ကျန်းမာရေးအထောက်အကူပြု ကာကွယ်ရေးပစ္စည်းများ လိုအပ်ချက်များဖြည့်ဆည်းထားရန်၊ စေတနာ့ဝန်ထမ်းများ၊ အထောက်အကူပြု အဖွဲ့အစည်းများနှင့် လူနာသယ်/ယူပို့ဆောင်ရေး မော်တော်ယာဉ်များ စနစ်တကျ ကြိုတင်စုဖွဲ့ထားရန်နှင့် မိမိတို့မြို့နယ်အလိုက် လိုအပ်သော အခြေခံစားသောက်ကုန်များ ပစ္စည်းစာရင်းကို တွက်ချက်စုဆောင်းထား နိုင်ရေးတို့အား ပြောကြားခဲ့သည်။

 

အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)