ကျောက်ဆည်၊ ၁၁ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁-ခုဘဏ္ဍာနှစ်တွင် ကုလားကျောင်းကျေးရွာအုပ်စု၊ တောင်ပလူကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေနှင့် ပြည်သူထည့်ဝင်ငွေများ ပူးပေါင်းပြီး ကျေးရွာဘက်စုံ သုံးခန်းမတစ်ခု တည်ဆောက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။

 

အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမဆောက်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေးအတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ (၅၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် (၁၂၁) သိန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်(၆၈)သိန်း၊ စုစုပေါင်း ငွေကျပ် (၁၈၉)သိန်းဖြင့် အလျားပေ (၆၀)၊ အနံပေ (၃၀)၊ အမြင့်(၁၂)ပေ သွပ်မိုး၊ နံကပ်တစ်ထပ် အဆောက်အဦ ဆောက်လုပ်ခြင်းပေးဖြစ်ကြောင်းသိရှိရသည်။

 

ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တောင်ပလူကျေးရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်း မတည်ရန်ပုံငွေကျပ်သိန်း(၃၀၀) စတင်ထုတ်ချေးပေးခဲ့ပြီး ရရှိလာသော စီမံကိန်း အတိုးရငွေများနှင့် ပြည်သူထည့်ဝင်ငွေများစုပေါင်းပြီး ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်းနှင့် အဆိုပါဘက်စုံသုံးခန်းမတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများကျင်းပသည့်အခါ အသုံးပြုသွားမည်ဖြစ်သောကြောင့် များစွာအဆင်ပြေ ကောင်းမွန်ကြောင်း တောင်ပလူကျေးရွာမှ ရပ်မိရပ်ဖဦးသိန်းထွန်းဦးက ပြောပြသည်။

 

တင်တင်ထွေး

mdn