ပေါင်းတည်၊ ၁၁ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ သပြေကြီးကျေးရွာ နှင့် ရေဆည်ကျေးရွာ နှစ်ရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းမြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ပေါင်းတည်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများမှ ဇွန် ၁၁ ရက် နံနက် ၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပေါင်းတည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း နှင့်ဝန်ထမ်းများက ကျေးရွာလမ်းကော်မတီ၊ မြစိမ်းရောင် စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့် အတူကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာတွင် လမ်းများ ရေရှည်တည်တံ့ကောင်းမွန်စေရေးကျေးရွာသူ ကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
သပြေကြီးကျေးရွာတွင်အရှည် ပေ ၂၆၀၀ အကျယ် ၁၂ပေ ဒု ၉လက်မရှိ ကျေးရွာတွင်း မြေနီကျောက်စရစ် လမ်းခင်းခြင်းအား မြစိမ်းရောင်စီမံကိန်းအတိုးရငွေကျပ် ၅ ဒသမ ၁သန်းဖြင့် လည်းကောင်း၊ ရေဆည်ကြီးကျေးရွာတွင်အရှည်ပေ ၂၆၀၀ အကျယ် ၁၂ပေ ဒု ၉ လက်မရှိ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်းအား မြစိမ်းရောင်စီမံကိန်းအတိုးရငွေကျပ် ၅ ဒသမ ၂သန်းတို့ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ယခုနှစ်ဧပြီလအတွင်းကစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်သည်။
ပေါင်းတည်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာနှစ်အတွင်းက စတင်ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၄၃ရွာတွင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး စီမံကိန်းမှ အတိုးရငွေကျပ်သိန်း၆၀၀၀ (ခြောက်ထောင်)ကျော် ရရှိနေပြီဖြစ်ကြောင်း ပေါင်းတည်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း ကပြောပြ၍သိရသည်။
ငြိမ်းသူ


